တစ်ခါက သူငယ်ချင်းတွေနဲ့ စကားဝိုင်းတစ်ခုမှာ လေနဲနဲကြီးတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ သွားဆုံတယ်။ သူကလည်း PLC Programming တွေရေးနေတာပါ။ Siemens PLC ထင်တယ်။ သူက တခြားသူတွေကို ပြောနေတာ .. PLC Programming ဆိုတာ ဘယ်လိုခက်ခဲ၊ နက်နဲ၊ ရှုပ်ထွေး တယ်ဆိုတဲ့ အကြောင်းတွေပါ။ ကျွန်တော်ကတော့ ပြန်ပြောလိုက်တယ်။ PLC Programming ရေးဖို့ဆိုရင် ...
• Logic အကြောင်း သိထားရင်၊
• Digital Gates တွေအကြောင်း တီးမိခေါက်မိရင်၊
• Relay အကြောင်း နားလည်ရင်၊
• C Programming အကြောင်းလေး သဘောလောက် တတ်ထားရင၊်
ထင်သလောက် မခက်ခဲပါဘူးလို့ ပြောလိုက်တယ်။ အဟဲ .. သူငယ်ချင်းကတော့ နှာကစ်သွားရှာတာပေါ့ဗျာ။
Logic အကြောင်း က ဘာတွေ သိထားရမှာလဲ ဆိုတော့ ...။ Binary Logic ဖြစ်တဲ့ 1 & 0 ကို သိထားရင် ရမယ်ထင်တယ်။ High & Low ... Open & Close ပေါ့ဗျာ။ Open / Close ဆိုမှ ကျောင်းတုန်းက ဆရာ ဦးကလဲမက်ကြီး PLC အကြောင်းသင်တုန်းက ဆရာက မီးလုံး နဲ့ ဆားကစ်ပါတ်လမ်းလေး တစ်ခုနဲ့ ဥပမာ ပေးတယ်။ မျက်စိထဲ မြင်အောင် ပြောရရင် .. မီးလုံးတစ်လုံးကို Switch တစ်ခုနဲ့ Series ချိတ်ထားတယ်။ တစ်ဖက်မှာတော့ Batteries နဲ့ ချိတ်ထားတယ်ပေါ့ဗျာ။ ဆရာက ပြောတယ် ..။ မီးခလုပ်ကို ပိတ်လိုက်ရင် ( Close လိုက်ရင် ) မီးလင်းသွားမယ် ... မီးခလုတ်ကို ဖွင့်လိုက်ရင် ( Open လိုက်ရင် ) မီးလုံးမှိတ် သွားမယ်ပေါ့။ ခပ်တုံးတုံး .. ကျွန်တော်ကတော့ မျက်စိလည်သွားတယ်။ ဘယ်နှယ့် မီးခလုတ်ပိတ်ရင် မီးကမမှိတ်ပဲ နဲ့ မီးခလုပ်ဖွင့် ( မီးဖွင့် ) မှ မီးက ပိတ်သွားတာပါလိမ့်လို့။ အဲ့ဂလိုကြီးကို .. မြန်မာမှု ပြုမိခဲ့တာ။
Digital Gates တွေအကြောင်းကိုတော့ သာမာန် NOT / AND / OR Gates တွေလောက်သိရင် ရပါပြီင်္ဗျာ။ XOR တို့ XNOR တို့ မလိုဘူးလို့ ပြောလို့ရမယ်ထင်တယ်။ ထပ်ပြီး Boolean Algebra နဲ့ Truth Table တွေလည်း အကျွမ်းတ၀င်ရေးတတ်ဖို့လိုမယ်။ ကျွန်တော်ကတော့ Truth Table ကို 5 Variables ထိ ရေးခဲ့ဘူးတယ်။ ကျွမ်းကို ပြန်လို့ ..။
Relay အကြောင်းကတော့ နားလည်ဖို့ လိုတယ်ဗျ။ ရိုးရိုး Relays ( Contactors ) တစ်လုံးရဲ့ လုပ်ရိုးလုပ်စဉ်ကော၊ ရှယ် Relays ( Latch Relays .. တို့ဘာတို့ပေါ့ ) တစ်လုံးရဲ့ လုပ်စဉ်တွေပါ သိထားသင့်ပါတယ်။ Latch Relay ကို တချို့တော့ Set – Reset Relay လို့လည်း ခေါ်ကြတယ်။ Digital Electronic မှာတော့ Flip Flop ( D type ) နဲ့ အတူတူပဲဗျ။
C Programming အကြောင်းကတော့ များများစားစား သိစရာမလိုပါဘူး။ ဒါပေမဲ့ PLC ရဲ့ Structure Text လိုမျိုး နဲ့ Programming ရေးတဲ့အခါမျိုးမှာတော့ C Programming နဲ့ သဘောတရားတူနေတာကို တွေ့ရလိမ့်မယ်။ ကျွန်တော်ကတော့ အဲ့ဒီအပိုင်းကို မဖြစ်မနေ မှပဲ ရေးတတ်တယ်။ ပုံမှန်ကတော့ လှေကားပဲ ထောင်တတ်တယ်။
ဒါတွေကတော့ ကျွန်တော်သိသော ... PLC အကြောင်းပါပဲဗျာ။
( ကျွန်တော်ပြောတာကို မပြည့်စုံခြင်း၊ မှားယွင်းခြင်း၊ အယူအဆ မတူခြင်းများ ရှိနိုင်ပါတယ်။ ရှိခဲ့ရင်ဖြင့် ကျွန်တော်၏ လေ့လာအားထုတ်မှု မှားယွင်းခဲ့မှုကြောင့်သာ ဖြစ်ကြောင်း ၀န်ခံပါရစေခင်ဗျား )
ကိုငယ်
(11.01.2009)
PLC အကြောင်း လေ့လာကြည့်ရအောင် ( အပိုင်း-၂ )
PLC Programming ကို စပြီး ရေးတော့မယ်ဆိုရင် အရင်ဆုံး အောက်ပါအချက်တွေကို စလုပ်ရပါတော့မည်။
1. ကိုယ့်အသုံးပြုလိုသည့် PLC အမျိုးအစား နှင့် Program Manager ကို ရွေးချယ်ခြင်း။
2. Hardware Configuration တပ်ဆင်ခြင်း။
3. Structure & Symbolize the Data ပြုလုပ်ခြင်း။
4. Programming Language ကို ရွေးချယ်ခြင်း။
5. Simulation & Downloading ။
1. ကိုယ့်အသုံးပြုလိုသည့် PLC အမျိုးအစား နှင့် Program Manager ကို ရွေးချယ်ခြင်း။
PLC အမျိုးစားပေါင်း များစွာရှိပါသည်။ ထိုသို့သော မတူညီတဲ့ PLC အမျိုးစားများကို မူတည်ပြီး Program Manager များလည်း များစွာရှိလာပါသည်။ Siemens PLC ကို Step 7 လိုမျိုး Program Manager နဲ့သာ Program ရေးလို့ရပါသည်။ Modicon Premium PLC ကို Siemens Step 7 နဲ့ ရေးချင်လို့ မရနိုင်ပါ။ အဲ့ဒီတော့ ကျွန်တော်တို့ အရင်ဆုံး လုပ်ရမှာက ဘယ် PLC ကို သုံးမှာလဲ ... ဘယ် Program Manager နဲ့ ရေးကြမှာလဲ .. ဆိုတာပေါ့။
ကျွန်တော်ကတော့ လက်ရှိ Project မှာ WAGO PLC ကို အသုံးပြုပြီး Codesys V2.3 နဲ့ Program ရေးနေရပါတယ်။ ရှေ့လျှောက် .. ဥပမာပေးသွားရင် Codesys နဲ့ ရေးပြသွားပါ့မယ်။
2. Hardware Configuration တပ်ဆင်ခြင်း။
Hardware Configuration ကို Physically တပ်ဆင်ပေးရပါ့မယ်။ များသောအားဖြင့် PLC Unit တစ်ခုမှာ CPU ပါမည်။ Inputs / Outputs Modules တွေပါမည်။ ဒီထက်ပိုပြီး Serial Communication ( RS485 ) လိုမျိုး Interfacing Modules တွေပါလာမည်။ ပြောရရင်တော့ အများကြီးပဲ။ အားလုံးက ကိုယ်ဘာအတွက် သုံးမှာလဲ .. ဘယ် Application အတွက်လဲ ဆိုတာကို မူတည်နေတာပါ။
CPU ကို ရွေးချယ်ပြန်တော့လည်း ကိုယ့် Application မှာလိုအပ်မဲ့ Inputs / Outputs အရေအတွက်ကို ကြည့်ပြီး ရွေးချယ်သင့်ပါတယ်။ မလိုအပ်ပဲ Small Application အတွက် High End CPU တွေ မရွေးသင့်ပါဘူး။ ရွေးလည်း ဘာမှမဖြစ်ဘူး။ ပိုက်ဆံပဲ ပိုပေးရလိမ့်မယ်။
Inputs / Outputs Modules တွေမှာ Discrete ( Digital ) Inputs ( DI ) / Discrete ( Digital ) Outputs ( DO ) ရယ် ... Analogue Inputs ( AI ) / Analogue Outputs ( AO ) ရယ်ဆိုပြီး တွေ့ရလိမ့်မယ်။ ဒါကလည်း အသုံးချတဲ့ အရာပေါ်မူတည်ပြီး ရွေးယူရပါလိမ့်မည်။
များသော အားဖြင့် ကျွန်တော် တပ်ဆင်တဲ့ Hardware Configuration မှာ Power Supply ကို အရင်ဆင်ပါတယ်။ ပြီးရင် CPU ကို ဆင်ပါတယ်။ အဲ .. WAGO မှာကတော့ CPU မှာပဲ Power Supply က တပါတည်း တပ်ဆင်ထားပြီးသာပါ။ သီးသန့် ပါဝါ မလိုဘူးပေါ့ဗျာ။ CPU ပြီးရင် DI .. ပြီးရင် ..AI ...ပြီးရင် AO ... ပြီးရင် DO အနေနဲ့ ဆင်တတ်ပါတယ်။ အဲ .. အားလုံးတပ်ဆင်ပြီးရင် နောက်ဆုံးမှာ End Slot အနေနဲ့ End Module တစ်ခုတပ်ပေးလိုက်ပါတယ်။ တပ်ဆင်မှုမှာတော့ သီးသန့် Standard တော့ ရှိမယ် မထင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ Power Consumption အများဆုံးကို Power Supply နဲ့ နီးနီးမှာ ထားပေးလိုက်တာပါပဲ။
Physically Hardware Configuration လုပ်ပြီးသွားရင်တော့ ကိုယ့် Program Manager မှာလည်း အလားတူမျိုး PLC Configuration လုပ်ပေးရပါမည်။ ဒါမှ လိုချင်တဲ့ Inputs နဲ့ ရချင်တဲ့ Outputs တွေ မှန်မှန်ကန်ကန် ရရှိပါလိမ့်မယ်။
3. Structure & Symbolize the Data ပြုလုပ်ခြင်း။
အဲ့ဒါကတော့ IO Data တွေကို နာမည်ပေးခြင်း နဲ့ အမျိုးအစား သတ်မှတ်ပေးခြင်းပါပဲ။ ကိုယ့် IO တွေက Bits တွေလား၊ Words တွေလား၊ Strings တွေလား၊ Tables တွေနဲ့လား ဆိုတာကို သတ်မှတ်ပေးရမယ်။ ပြီးတော့ သူတို့ကို ကိုယ်ပိုင်နာမည်တွေ ပေးရမယ်။ အဲ .. နာမည်ဆိုတာကလည်း PLC က နားလည်မဲ့ နာမည်တွေပါ။ ဘိုလိုတော့ Variable Name လို့ ခေါ်တာပေါ့ဗျာ။ တစ်ခါတလေလည်း ဘိုလိုမျိုးပြောရင် နားလည်လွယ်မယ်ထင်ပါတယ်။ ဒုတိယ ပိုစ့်က ဥပမာနဲ့ ပြေားရရင် Switch AT %IX1.0: BOOL; လို့ ဆိုပါတော့။ Switch ဆိုတဲ့ နာမည်က ကိုယ်တွေသိတဲ့ အသိ ( လူသိတဲ့အသိ ) ..။ အဲ့ဒီနောက်က %IX1.0 ဆိုတာက Switch မှန်း စက်က သိတဲ့အသိ ( PLC က သိတဲ့အသိ ) Address လို့ပြောလို့ရတယ်။ %IX ဆိုတာက I = Input & X = Digital ကို ဆိုလိုတာပါ .. ။ အတိအကျပြောရရင် Digital Input လို့ပြောတာပါ။ အဲ .. ဒါပေမဲ့ သူကလည်း ပုံသေတော့ မှတ်မရဘူးနော့်။ PLC ကွဲရင် အသုံးအနူန်းကွဲသွားကော။ ဥပမာ ... Modicon မှာဆိုရင် %I1.0 လို့ပဲ တွေ့ရလိမ့်မယ်။ နောက်ဆုံးက BOOL ဆိုတာက Type of Data လို့ ပြောရမယ် .. BOOL ဆိုတာက Boolean ( Binary Digit - Bits ) ကို ကိုယ်စားပြုတာပါ။
မှတ်ရမှာက ... % IX = Digital Input, % QX = Digital Output, %QW = Analog Output, %IW = Analog Input ဆိုတာကိုပါပဲ။ ထပ်ပြီး သတိပေးမယ်နော် ... ။ အဲ့ဒီဟာတွေက PLC အမျိုးစားကွဲရင် လိုက်ကွဲသွားလိမ့်မယ်။
ကိုငယ်
(11.01.2009 )
PLC အကြောင်း လေ့လာကြည့်ရအောင် ( အပိုင်း-၃)
4. Programming Language ကိုရွေးချယ်ခြင်း။
PLC Program တစ်ခုကို ရေးမယ်။ ကိုယ်က ဘယ် Language နဲ့ ရေးမလဲဆိုတာကိုတော့ ကိုယ့်ဘာသာ ကိုယ် ဆုဲံးဖြတ်ရပါမယ်။ ရေးလို့ရတဲ့ Language တွေတိုင်းကလည်း သူ့အပိုင်းလိုက် သူ အားသာချက်ရှိတာကို တွေ့ရပါတယ်။ အဓိက အပိုင်းကိုတော့ ကိုယ့်အားသန်ရာနဲ့ ကိုယ်ရေးပေါ့ဗျာ။ အဟဲ ... ကျွန်တော်ကတော့ လှေကားပဲ ထောင်လေ့ရှိပါတယ် .. များသောအားဖြင့် ပေါ့ဗျာ။
PLC Programming Languages တွေကို ယေဘူယျ အားဖြင့်ဆိုရင် ( 2 ) ပိုင်း ခွဲမှတ်လို့ရတယ်။
• စာနဲ့ဖော်ပြတဲ့ Language ( Textual Languages ) နဲ့
• တုတ်ချောင်းလေးတွေနဲ့ ပုံဖော်ပြီး ပြတဲ့ Languages ( Graphic Languages )
လို့ ကျွန်တော်က ခွဲမှတ်တာပဲ။
နဲနဲထပ်ရှင်းရရင် Textual Languages မှာ ထပ်ပြီးခွဲလိုက်ရင်
• Instruction List ( IL )
• Structured Text ( ST )
လို့ ခွဲလို့ရသေးတယ်။
Instruction List ( IL ) က ဘာနဲ့ တူသလဲဆိုတော့ ကျောင်းတုန်းက သင်ပေးလိုက်တဲ့ Assembly Language နဲ့ ဆင်တယ်ဗျာ။ ကျွန်တော်က အဲ့ဒီအပိုင်းကို သိပ်ပြီး မရေးတော့ သိပ်ပြီး မရှင်းပြတတ်ဘူး။
Structured Text ( ST ) ဆိုတာကတော့ C Programming မှ IF .. THEN .. ELSE ဘာညာကွိကွ တွေနဲ့ ရေးပုံရေးနည်း တူတယ်။ များသောအားဖြင့် Input Datas 2 ခုကို Compare လုပ်တာမျိုးဆိုရင် ST က အရမ်းကောင်းတယ်။ တစ်ချို့သော သူတွေက ST နဲ့ Program ရေးတာကို အားရလေ့ရှိတယ်။ ဒါကလည်း ကောင်းပါတယ်။ တော်ရုံတန်ရုံ လူက Program ကိုကြည့်ရုံနဲ့ ရုတ်တရက် နားမလည်နိုင်ဘူးပေါ့။ လူရှိန်တယ်လို့ ဆိုရမယ်။
ဒါတွေက Textual Languages နဲ့ ပါတ်သတ်တဲ့ အကြောင်းတွေပါ။
Graphis Language တွေကိုလည်း ခွဲလို့ရသေးတယ်။
• Sequential Functional Chart ( SFC )
• Ladder Diagram ( LD ) ( ကျွန်တော်ကတော့ လှေကားထောင် တယ်လို့ ပြောတယ် )
• Function Block Diagram ( FBD )
လို့ ခွဲလို့ရသေးတယ်။
Sequential Functional Chart ဆိုတာက Flow Chart လိုမျိုး ရေးတာ။ နားလည်ရတော့ တော်တော်လေး လွယ်ကူပါတယ်။ ဘာ့ကြောင့်တော့ မသိဘူး။ သိပ်ပြီး အသုံးမပြုကြဘူး။
Ladder Diagram ( LD ) ကတော့ ကျွန်တော့် အကြိုက်ပါပဲဗျာ။ Electronic နဲ့ ကျောင်းပြီးခဲ့လို့လား မသိဘူး။ စဉ်းစားလို့ ကောင်းတယ်။ တပါးသူကိုလည်း အလွယ်တကူ ရှင်းပြလို့ရတယ်။ Program ပြောင်းချင်ရင် ချက်ချင်းပြောင်းလို့ရတယ်ဗျာ။ တကယ့် ..Circuit Diagram လေး တစ်ခုလိုပဲ။ တော်တော်များများကလည်း ဒီ Language နဲ့ အသုံးများသလိုပဲ။ ကျွန်တော့် ရုံးမှာ Siemens PLC Specialist ရှိတယ်။ သူလည်း LD ပဲ သုံးတယ်။ Sixnet ရေးတဲ့သူရှိတယ်။ လာထား .. LD ပဲဗျ။ Modicon ရေးတဲ့လူကလည်း မဖြစ်မနေမှ တခြား Language ကိုသုံးတယ်။ ပုံမှန်ကတော့ LD ပါပဲဗျာ။
Function Block Diagram ( FBD ) ကလည်း လူသုံးများပါတယ်။ အမှန်တော့ သူက အလွယ်ဆုံးပဲဗျ။ ကျောင်းတုန်းက သင်ပေးလိုက်တဲ့ Digital Electronic တွေမှာ ဆွဲရတဲ့ Microcontroller အလုပ်လုပ်ပုံ လိုမျိုးလိုလို၊ Gate Circuit Drawing လိုလို နဲ့ အတော် လွယ်သဗျ။
ကျွန်တော် နောက်မှ ပုံလေးတွေနဲ့ နဲနဲ ထပ်ရှင်းပြပါ့မယ်။
ကိုငယ်
(၁၁.၀၁.၂၀၀၈ )
PLC အကြောင်း လေ့လာကြည့်ရအောင် ( အပိုင်း-၄)
5) Simulating & Downloading
PLC Program တစ်ခုကို ရေးပြီးသွားပြီဆိုရင် ကိုယ်ရေးလိုက်တဲ့ Program က မှန်၏၊ မမှန်၏ ။ ဆိုတာကို ပြန်စစ်ရပါ့မယ်။ Codesys မှာတော့ Built လို့ သုံးနူန်းပါတယ်။ C Program တွေမှာဆိုရင် Compile လုပ်တယ်လို့ ဆိုမလားပဲ။ ကိုယ့် Program ကို Built လုပ်ပြီးလို့ Error လေးတွေ ဖြစ်နေသေးတယ်ဆိုရင် Program Manager မှာ အနီရောင် နဲ့ Highlight လုပ်ပေးထားလိမ့်မယ်။ အဲ့ဒါလေးကို Click လုပ်ပြီး အမှန်လိုက်ပြင်ပေးရပါလိမ့်မယ်။ အဲ့ဒီနောက်ပိုင်း .. အားလုံး မှန်သွားပြီဆိုရင်တော့ .. PLC ရှိရင် Download လုပ်ပြီး အသုံးချလို့ ရပါပြီ။ ကိုယ်က PLC ကို Download မလုပ်ခင် Application Process တွေ မှန် မမှန် ကြည့်ချင်သေးရင် PLC mode ကို Simulation Mode ကို ပြောင်းပြီး Program Manager နဲ့ စမ်းကြည့်လို့ရပါသည်။ ကိုယ်ပေးချင်တဲ့ Input တွေကို Force ပေးပြီး .. လိုချင်တဲ့ Output ကို ရ မရ ကြည့်လို့ရပါသည်။ အားလုံး စိတ်တိုင်းကျ စမ်းပြီးသွားပြီ ဆိုရင်တော့ .. PLC ထဲကို Programming Cable or Ethernet Cable နဲ့ Download လုပ်ပေးလိုက်ရုံပါပဲ။ အဲ့ဒီနောက်တော့ PLC နဲ့ ပါတ်သတ်ပြီး အလုပ်တွေ ပြီးသွားပါပြီ။
ကိုငယ်
(14.01.2009)

Programmable Logic Controllers နှင့်သက်ဆိုင်သော ACMV Lecture များ (5 Lectures)
1 | PLC | PLC အကြောင်း | Read | |||
2 | Chapter 1 | Introduction to Programmable Logic Controllers | ၁.၁ Definition | Read | ||
3 | Chapter 1 | Introduction to Programmable Logic Controllers | PLC နှင့် Computer Control | Read | ||
4 | Programmable Logic Controllers- Chapter 2 | Programmable Logic Controllers Chapter 2 - Number System and Codes | Read | |||
5 | Programmable Logic Controllers- Chapter 3 | Programmable Logic Controllers - Chapter 3 - Logic Concept | Read |
0 comments:
Post a Comment
လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်