Wednesday, February 5, 2014

တယ်လီနောက ပထမအသုတ်အဖြစ် ဆင်းမ်ကတ်သန်း ၃၀ စတင်ရောင်းချမည်ဖြစ်ပြီး ဖုန်းနံပါတ်မှာ ၀၉၅ နှင့် စတင်ဖွယ်ရှိကြောင်း သိရ






မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလိုင်စင် ရရှိသွားပြီဖြစ်သည့် တယ်လီနောကုမ္ပဏီက လာမည့်ရှစ်လအတွင်း စတင်ရောင်းချမည့် ဖုန်းနံပါတ်များမှာ ၀၉၅ နှင့် စတင်ဖွယ်ရှိပြီး ပထမအသုတ်အဖြစ် ဆင်းမ်ကတ် သန်း ၃၀ ရောင်းချသွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ၏ စီအီးအို မစ္စတာပတ်တာဖားဘတ် က ဖေဖော်ဝါရီ ၅ ရက်က ပြောကြားသည်။
“၀၉၅ နဲ့ စတဲ့နံပါတ်ဖြစ်ဖို့ မျှော်လင့်ထားတယ်။ ဂဏန်းအရေအတွက်ကတော့ ၁၀ လုံးဖြစ်မယ်။ လက်ရှိ မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်ဖြစ်တဲ့ သန်း ၃၀ ပမာဏကို စတင်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
တယ်လီနောကုမ္ပဏီက ဆင်းမ်ကတ် စတင်ရောင်းချရာတွင် မြန်မာနိုင်ငံ၏ လူနေအထူထပ်ဆုံး မြို့ကြီးများတွင် စတင်ရောင်းချသွားမည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးကို လွှမ်းခြုံမိစေရန် ငါးနှစ်အချိန်ယူရမည်ဟု ဆိုသည်။
ဆင်းမ်ကတ်စတင်ရောင်းချချိန်တွင် 2G နှင့် 3G ကို အတူတကွ ရောင်းချသွားမည်ဖြစ်ပြီး လူတိုင်းအင်တာနက်သုံးနိုင်ရန် ရည်ရွယ်သည်ဟု သိရသည်။
“ လူတိုင်းသုံးနိုင်ဖို့ ရည်ရွယ်တာဖြစ်လို့ 2G က နေရာတိုင်းမှာ ရှိသွားမယ်။ 2G Network နဲ့အတူ 3G လည်းလုပ်ဆောင်သွားမယ်။ တယ်လီနောက လူတိုင်းအင်တာနက်သုံးဖို့ ရည်ရွယ်တာဖြစ်လို့ G -3G မဟုတ်ဘဲ အင်တာနက် အဓိကသုံးနိုင်အောင် လုပ်သွားမယ်” ဟု မစ္စတာပတ်တာဖားဘတ်က ပြောကြားသည်။
တယ်လီနော၏ အင်တာနက်ဝန်ဆောင်မှုမှာ မြန်နှုန်းမြင့်စေရန် အာမခံထားပြီး ၀န်ဆောင်မှုအနေနှင့် မိနစ်အလိုက်ကောက်ခံခြင်းနှင့် မဂ္ဂါဘိုက်အလိုက် ကောက်ခံခြင်းစသည့် ၀န်ဆောင်မှုအမျိုးမျိုး ရှိမည်ဖြစ်ကြောင်း သိရသည်။
“အင်တာနက်မြန်နှုန်းက အလွန်ကောင်းစေမှာပါ။ လက်တလောမှာရှိပြီးသား အင်တာနက်ဆက်ကြောင်းကို အသုံးပြုမှာဖြစ်ပေမယ့် ကိုယ်ပိုင်အင်တာနက်လိုင်းငှားတာ၊ ဆောက်တာတွေ လုပ်သွားဖို့ရှိပါတယ်” ဟု ၎င်းကဆိုသည်။
တယ်လီနောက ဆင်းမ်ကတ်များ အသုံးပြုနိုင်ချိန်တွင် တယ်လီနော ငွေဖြည့်ကတ်များကို အလွယ်တကူဝယ်ယူနိုင်မည့် နေရာတစ်သိန်းအထိ ရှိမည်ဖြစ်ကြောင်း သိရသည်။ တယ်လီနောသည် နော်ဝေနိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်ပြီး မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလိုင်စင်ကို ဖေဖော်ဝါရီ ၅ ရက်က တရားဝင် လက်ဝယ်ရရှိခဲ့သည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလိုင်စင်ရရှိရန် စိတ်ဝင်စားကြောင်း ပြသခဲ့သည့် နိုင်ငံပေါင်း ၉၁ နိုင်ငံရှိပြီး မြန်မာနိုင်ငံတွင် လိုင်စင်ရရှိရန်မှာ အခက်ခဲဆုံး ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း တယ်လီနောကုမ္ပဏီမှ အာရှရေးရာ အကြီးအကဲက ပြောကြားသည်။

Credit To :MMAS

0 comments:

Post a Comment

လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်

Mobile ဖြင့်ပတ်သက်သော Software Error နှင့် Hardware Error များကို minthweyint@gmail.com & yehtet.al.al@gmail.com တွင်မေးမြန်းနိုင်ပါသည်။
ကြယ်စင်ဟိန်း(Mobile Special Services)
Powered by Blogger.