Friday, September 27, 2013

Published On: Fri, Sep 27th, 2013 ပြည်တွင်းပြည်ပမိုဘိုင်းဖုန်းဆိုင်ရာသတင်းများ | By သက်နိုင်စိုး iPhone 5S နှင့် ယှဉ်ပြိုင်ရန် ရွှေရောင် Galaxy S4 ကို Samsung ထုတ်လုပ်





Apple ကုမ္ပဏီက ရွှေရောင် iPhone 5S ကို ထုတ်လုပ်ရောင်းချပြီး မကြာမီမှာပင် ပြိုင်ဘက် Samsung ကလည်း ရွှေရောင် Galaxy S4 စမတ်ဖုန်းများကို စတင် မိတ်ဆက်လာခဲ့သည်။ တောင်ကိုရီးယား နည်းပညာ လုပ်ငန်းစုကြီးက မိမိတို့သည် Limited Edition အဖြစ် ရွှေရောင် Galaxy S4 နှစ်မျိုးကို ရောင်းချသွားမည်ဟု အတည်ပြု ကြေညာခဲ့သည်။ အဆိုပါ ရွှေရောင် စမတ်ဖုန်း နှစ်မျိုးတို့သည် အမျိုးသားနှင့် အမျိုးသမီးတို့ ကြိုက်နှစ်သက်မှု ကွာခြားပုံကို မူတည်ပြီး အရောင် တွဲစပ်မှုကို အပြောင်းအလဲ ပြုလုပ်ထားသည်။ အမျိုးသားများအတွက် ပစ်မှတ်ထားဟန်ရှိသည့် Galaxy S4 တွင် ဘောင်ကို ရွှေရောင် ကွပ်ထားပြီး ရှေ့ဘက်က အညိုရောင် ဖြစ်သည်။ အမျိုးသမီးများ အနေဖြင့်မူ ရွှေရောင်ဘောင်နှင့် ရှေ့ဘက် ပန်းရောင် ရောစပ်ထားသော ဖုန်းကို ပိုမိုသဘောကျဖွယ် ရှိနေသည်။ ဖုန်း၏ နောက်ဘက်ခြမ်းမှာ ရွှေရောင်ဖြစ်ကြောင်း Cnet က ဖော်ပြခဲ့သည်။ အဆိုပါ ဖုန်းနှစ်မျိုးကို လတ်တလောတွင် UAE နိုင်ငံ အတွင်း၌သာ ဝယ်ယူနိုင်ဦးမည် ဖြစ်ပြီး ကျန်ဈေးကွက်များသို့ တင်ပို့မည့် နေ့ရက်ကို အတိအကျ မသိရသေးချေ။ Samsung သည် Apple ၏ လှုပ်ရှားမှုတိုင်းကို မျက်ခြေမပြတ် နားစွင့်နေဟန် ရှိပြီး အမေရိကန် နည်းပညာ ကုမ္ပဏီကြီးက iPhone 5S တွင် ရွှေရောင်ကို စံနှုန်းအဖြစ် သတ်မှတ်လာနိုင်ကြောင်း ကောလာဟလများ ကြိုတင် ထွက်ပေါ်နေကတည်းက Galaxy S4 ရွှေရောင်များကို စတင်ဖန်တီးနေခဲ့ပြီး ဖြစ်ဟန်ရှိသည်။ Samsung က Galaxy S4 ရွှေရောင်များ၏ ဈေးကို မကြေညာသေးသော်လည်း PC Mag ၏ အဆိုအရ ဖုန်း၏ ဘေးဘောင်နှင့် Home Button တို့မှာ ရွှေသားစစ်စစ် ဖြစ်ကြောင်း ဖော်ပြခဲ့သည့်အတွက် ဈေးနှုန်း များပြားဖွယ် ရှိနေသည်။ ဖုန်း၏ စွမ်းဆောင်ရည်ပိုင်းမှာမူ ယခင် Galaxy S4 များနှင့် ကွာခြားမှု မရှိဟု သိရသည်။
သို့သော်လည်း ရွှေရောင် Galaxy S4 သည် Apple ၏ ရွှေရောင် iPhone 5S ကို တုပယှဉ်ပြိုင်ပြီး နာမည်ကျော်ရန်မူ ဖြစ်နိုင်ဖွယ် မရှိချေ။ Apple သည် ယခင်က iPhone များအတွင် အဖြူနှင့် အနက်ကိုသာ စံသတ်မှတ်အရောင်အဖြစ် အသုံးပြုသော်လည်း iPhone 5S တွင် ရွှေရောင်ကို ထည့်သွင်းခဲ့ရာ စတင်ရောင်းချသည့် နေ့ကတည်းက ပစ္စည်းပြတ်သွားသည်။ Apple က ရွှေရောင် iPhone 5S အသစ်များ ဈေးကွက်ထဲ ထပ်မံရောင်းချရန် အောက်တိုဘာ လလယ်ထိ စောင့်ရဖွယ် ရှိနေကြောင်း ဝန်ခံထားသည်။ ထိုအတောအတွင်း iPhone 5S ၏ 16GB Unlocked ရွှေရောင်ဖုန်း တစ်လုံးကို eBay တွင် တစ်ဆင့်လေလံတင် ရောင်းချခဲ့ရာ ဒေါ်လာ (၁၀၁၀၀) ထိ ရရှိခဲ့ခြင်းကြောင့် Samsung အတွက် ရွှေရောင် စမတ်ဖုန်းများ ထုတ်လုပ်ရန် လောဆော်မှု ဖြစ်လာခဲ့သည်။
Ref & Credit: Planet Myanmar Network

0 comments:

Post a Comment

လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်

Mobile ဖြင့်ပတ်သက်သော Software Error နှင့် Hardware Error များကို minthweyint@gmail.com & yehtet.al.al@gmail.com တွင်မေးမြန်းနိုင်ပါသည်။
ကြယ်စင်ဟိန်း(Mobile Special Services)
Powered by Blogger.