Sunday, July 7, 2013

ဈေးနှုန်းနှင့်ဝန်ဆောင်မှုအပိုင်းကိုအတိအကျမပြောနိုင်သေးဟု ဆက်သွယ်ရေးတင်ဒါအောင်ကုမ္ပဏီများဆို



 ဆက်သွယ်ရေး ဝန်ဆောင်မှုနှင့် ဈေးနှုန်းပိုင်းဆိုင်ရာ များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းနေဆဲ ဖြစ်၍ အသေးစိတ် အချက်အလက်များကို အတိအကျ မပြောနိုင်သေးခြင်း ဖြစ်ကြောင်း တင်ဒါအောင် ဆက်သွယ်ရေးကုမ္ပဏီ နှစ်ခုစလုံးက ပြောကြားသည်။
“လက်ရှိအချိန်မှာ ဈေးနှုန်းပိုင်းရော၊ ဝန်ဆောင်မှုပိုင်းရောပါ အတိအကျ မပြောနိုင်သေးတာပါ။ ကျွန်တော်တို့က ထုတ်မပြောချင်တာ မဟုတ်ပါဘူး။ အစိုးရပိုင်းနဲ့ အသေးစိတ် ညှိနှိုင်းမှုတွေက မပြီးသေးလို့ပါ” ဟု Ooredoo ဆက်သွယ်ရေး ကုမ္ပဏီမှ အာရှပစိဖိတ် ဒေသဆိုင်ရာ အမှုဆောင်အရာရှိချုပ် Ross Cormack က The Voice သို့ပြောကြားသည်။
ထို့အပြင် တယ်လီနောကုမ္ပဏီ ကလည်း မြန်ဆန်သော ကွန်ရက်ချိတ်ဆက်မှု၊ အချက်အလက် ပေးပို့မှုနှင့် သင့်လျော်သောဈေးနှုန်း၊ ဝန်ဆောင်မှုများဖြင့် ဝန်ဆောင်မှု ပေးမည်ဖြစ်သော်လည်း အသေးစိတ် အချက်အလက်များကို အစိုးရပိုင်းနှင့် ဆွေးနွေး နေဆဲဖြစ်သောကြောင့် အတိအကျ မပြောနိုင်သေးကြောင်း ထုတ်ပြန်ထားသည်။
ဆက်သွယ်ရေးလိုင်စင် တင်ဒါအောင်ထားသော ကုမ္ပဏီနှစ်ခုဖြစ်သည့် Ooredoo၊ Telenor နှင့်
အရန်အဖြစ် ရွေးချယ်ခံထားရသော Orange ကုမ္ပဏီတို့ ကို လာမည့် ဇူလိုင်လ ၈ ရက်နေ့တွင် နေပြည်တော်၌ ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်ရန် အစိုးရဘက်မှ တာဝန်ရှိသူများက ဖိတ်ကြားထားကြောင်း Mr.Ross Cormack က ပြောကြားသည်။
“လူတွေက သူတို့ရသွားတော့ ဈေးနှုန်းတွေလျော့သွားမယ်၊ ဝန်ဆောင်မှုတွေ ပိုကောင်းလာမယ် စသည်ဖြင့် မျှော်လင့်နေကြတာ။ Air Time Charges ဘယ်လောက်ကောက်မယ်၊ SIM Card ကို ဘယ်လိုရောင်းမယ် စသဖြင့် တစ်ခုခုပြော စေချင်နေတာ”ဟု Star Mobile မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်မှ ပိုင်ရှင်ဖြစ်သူ ဦးဇော်မင်းကဆိုသည်။
နိုင်ငံတကာက စိတ်ဝင်စားနေသည့် မြန်မာ့ဆက်သွယ်ရေး ကဏ္ဍတွင် ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းလုပ်ကိုင်ခွင့် အတွက် နော်ဝေအခြေစိုက် Telenor နှင့် ကာတာနိုင်ငံမှ Ooredoo ကုမ္ပဏီတို့ကို လိုင်စင်ချထားပေးမည်ဟု ဆက်သွယ်ရေး အော်ပရေတာ တင်ဒါခေါ်ယူခြင်းနှင့် ရွေးချယ်ရေးကော်မတီက ဇွန်လ ၂၇ ရက်နေ့က ကြေညာခဲ့သည်။
ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ရွေးချယ်ခံရသည့် တာဝန်ကို မထမ်းဆောင်နိုင်ပါက အစားထိုး အနေနှင့် ပြင်သစ်တယ်လီကွန်း Orange နှင့် Marubeni ကော်ပိုရေးရှင်း ပူးတွဲကုမ္ပဏီကို အရန်အဖြစ် ရွေးချယ်လိုက်ကြောင်းလည်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

Ref & Credit: The Voice Weekly

0 comments:

Post a Comment

လူဆိုတာ ကိုယ်သွားမယ့်လမ်းကြောင်းကိုသိရမယ်...ဘာလုပ်ချင်လဲသိရမယ်..မသိတဲ့သူကတော့ မျက်စိမှိတ်ပြီးလမ်းလျှောက်တဲ့ အရူးတစ်ယောက်နဲ့တူတယ်

Mobile ဖြင့်ပတ်သက်သော Software Error နှင့် Hardware Error များကို minthweyint@gmail.com & yehtet.al.al@gmail.com တွင်မေးမြန်းနိုင်ပါသည်။
ကြယ်စင်ဟိန်း(Mobile Special Services)
Powered by Blogger.